ဥရောပအရှေ့ပိုင်းမှ အပြင်းထန်ဆုံး တင်မာမှု စစ်ရေးအခြေအနေ

  1. ဥရောပအရှေ့ပိုင်းမှ အပြင်းထန်ဆုံး တင်းမာမှု

——————————————–

 

ရက်သတ္တပတ်နဲ့ချီပီး တင်းမာနေတဲ့ ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ပြသနာကတော့ ပေါက်ကွဲလုအဆင့်ကို ရောက်ရှိလာပါပြီ။ သောကြာနေ့ကစလို့ ရုရှားရဲ့ ပူတင်က စစ်တပ်တွေကို နယ်စပ်ကို ထပ်ရွှေ့ခဲ့ပါတယ်။ ဒါ့အပြင် တိုက်လေယာဉ် ၃ ဒါဇင်နီးပါးကိုလဲ ရွှေ့ပြောင်းခဲ့ပါတယ်။ ဒီအချိန်မှာ ယူကရိန်းကလဲ ပြန်လည်တွန်းလှန်မယ်ဆိုတဲ့ နည်းလမ်းကို ရွေးလိုက်ပါတယ်။ သူတို့ကတော့ ရှင်းပါတယ်။ လူတိုင်း သေနတ်ကိုင်ပြီး တိုက်ကြမယ်တဲ့။ မထင်မှတ်ပဲ အမြင့်ဆုံးတင်းမာမှုဖြစ်သွားပါပြီ။ နောက်ဆုံးမှာတော့ အမေရိကန်နဲ့ NATO ဟာ နောက်တကြိမ် စစ်ပွဲထဲ ဝင်ကူဖို့ ပြင်ဆင်လာခြင်းဟာ ကမ္ဘာကြီးအတွက် အိပ်မက်ဆိုးပါပဲ။

 

ဒီပွဲမှာ အမေရိကန်ရဲ့ အနေအထားက အရေးပါလာပါတယ်။ ဘိုင်ဒန်က ငြိမ်းချမ်းရေးသမားပီပီ သံတမန်ရေးနဲ့ သွားလိုပါတယ်။ အမေရိကန်တပ်တွေကို မစေလွှတ်ဘူးလို့လဲ တရားဝင်ပြောထားပြီးသားပါ။ ဒါကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov တို့ သောကြာနေ့က ဂျီနီဗာမှာ မျက်နှာချင်းဆိုင် တွေ့ခဲ့ကြပါတယ်။ သံတမန်ရေးရာ နောက်ဆုံးအသက်ဆက်ပွဲပါပဲ။ ဒီသံတမန်ရေးရာမှာ ကျရှုံးခဲ့ရင် စစ်ပွဲက စတင်လာမှာပဲဖြစ်ပါတယ်။ ဒီပွဲပြီးတဲ့နောက်မှာတော့ ဘလင်ကန်ဟာ ယူကရိန်းကို ယနေ့ ထွက်ခွာသွားပြီး ယူကရိန်းသမ္မတနဲ့ ဆွေးနွေးနေပါပြီ။

 

တဖက်ထဲမှာပဲ ဗြိတိန်ကပေးပို့တဲ့ တင့်ကားဖျက်ဒုံးကျည်တွေ ယူကရိန်းကို စတင်ရောက်ရှိလာပါတယ်။ အမေရိကန်က နောက်ဆုံးမှာ NATO က အကူအညီပေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ကျည်ဆန်တွေ၊ သေနတ်တွေ၊ တင့်ဖျက်ဒုံးတွေ၊ တာလတ်ပစ်တွေနဲ့ နောက်ဆုံး ဒုံးခွင်းဒုံးတွေပါ ပေးပို့ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ပင်တဂွန်ကလဲ နေ့စဉ် အခြေအနေကို လေ့လာနေပြီး ပြင်ဆင်နေပါတယ်။ မြေပြင်တပ်တွေ မပို့ထားပေမယ့် အမေရိကန် အထူးတပ်ဖွဲ့(Special Forces) တွေက ယူကရိန်းထဲ ရောက်ရှိနေပြီဖြစ်ပြီး စစ်သင်တန်းပေးနေပါတယ်။ CIA ညွှန်ချုပ်ဟာ ပြီးခဲ့တဲ့တပတ်က ယူကရိန်းကို သွားပြီး ယူကရိန်းသမ္မတနဲ့ တွေ့ဆုံခဲ့ကာ အနီးကပ် အကူအညီပေးလျက်ရှိနေပါတယ်။

 

စစ်ဖြစ်ရင်တော့ ယူကရိန်းက တနိုင်ငံလုံးကုန်မှာဖြစ်ပါတယ်။ ဒါပေမယ့် ပူတင် ပေးရမယ့် အရင်းအနှီးကလဲ ကြီးမားပါတယ်။ အခန့်မသင့်ရင် သူတောင် ပြုတ်ကျသွားနိုင်ပါတယ်။ အမေရိကန်နဲ့ NATO နိုင်ငံတွေက အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့မှုတွေ လာမှာဖြစ်ပါတယ်။ လက်ရှိမှာတောင် စီးပွားရေးကျဆင်းမှုနဲ့ ဆင်းရဲမွဲတေမှုတွေကို မနည်းရင်ဆိုင်နေရတဲ့ ရုရှားဟာ စစ်ပွဲကြာလာရင် တောင့်ခံနိုင်စရာ မရှိပါဘူး။ တဖက်ကလဲ ဒီလို အနောက်နိုင်ငံတွေ အားနည်းလာတာနဲ့ စင်မြင့်ပေါ် တက်လာမယ့် တရုတ်ကလဲ အသင့်ရှိနေပါတယ်။ ဒီတော့ စစ်ဖြစ်နိုင်ချေ မရှိဘူးဆိုကြပေမယ့် အခုတော့ ဖြစ်လာနိုင်ချေဟာ ၈၀% နီးပါးထိ ရှိလာပါတယ်။ တချို့ကတော့ ပူတင်ဟာ ကန့်သတ်စစ်ကိုပဲ ဆင်နွှဲမယ်လို့ သုံးသပ်နေကြပါတယ်။

 

ဘာတွေပဲဖြစ်လာလာ ယူကရိန်းတို့ကတော့ နောက်တကြိမ် သီးမခံတော့ပါဘူး။ ၂၀၁၄ မှာ ခရိုင်းမီးယားဒေသကို ရုရှားတို့ ကျူးကျော်တာ ခံရပြီးတဲ့နောက်မှာ အခုတခါမှာတော့ လူတိုင်း ပါဝင်ဆင်နွှဲကြပါလိမ့်မယ်။

 

“ အိမ်တိုင်းရဲ့ ပြတင်းပေါက်တိုင်းက ကျည်ဆန်တွေ ထွက်လာမယ်။ လူတိုင်း သေနတ်တလက်စီရမယ်။ တိုက်ပွဲဝင်ဖို့အသင့်ပါပဲ။” တဲ့။

 

ဒါက ယူကရိန်းပြည်သူတွေရဲ့ နောက်ဆုံးအဆင့်ပြင်ဆင်ထားမှုပါပဲ။

 

ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဆက်ကြည့်ကြပါစို့။ အသက်တွေ သွေးတွေ အထိအခိုက်တွေ မများဖို့ မျှော်လင့်မိပါတယ်။